NUG ယာယီသမ္မတကတော့ မလွဲမသွေတိုက်ပွဲဝင်ဖို့ တပ်လှန့်လိုက်ပြီ

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် မလွဲမသွေ တိုက်ပွဲဝင်ရမည်ဖြစ်ပြီး စတင်မည့် ရက်ညှိ နှိုင်းဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁) တွင် ပြောဆိုလိုက်သည်။

“NUG အစိုးရအနေနဲ့ နေ့စဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရန်၊မလွဲမသွေ တိုက်ပွဲဝင်ရတော့မှာဖြစ်လို့ ကြိုတင်ပြင်ဆင်မှုတွေကို တာဝန်ရှိသူတွေက မရပ်မနားဆောင်ရွက်နေကြကြောင်း၊

စတင်မယ့်ရက်ညှိနှိုင်းသတ်မှတ်ပြီးတဲ့အခါ cabinet ကို ပြန်လည်တင်ပြကာ ဝိုင်းဝန်းဆုံးဖြတ်ကြမှာဖြစ်ကြောင်း” ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁) ကို ယနေ့ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ကျင်းပခဲ့ရာ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ယာယီသမ္မတက အမှာစကားပြောကြားရာ လာမယ့် စက်တင်ဘာလမှာ UN သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားနိုင်ရေး Credential ကိစ္စဟာ နိုင်ငံတကာအသိအမှတ်ပြုရေးမှာ အရေးကြီးတဲ့ ကဏ္ဍဖြစ်တဲ့အတွက် ပြင်ဆင်ရေးအဖွဲ့၊ အကြံပေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊

အာဆီယံမှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် လာရောက်သည့်အချိန်တွင်လည်း NUG အနေဖြင့် တွေ့ဆုံဆွေးနွေးဖို့ရန် မူဝါဒများချမှတ်ထားရန်လိုအပ်ကြောင်း ပြောဆိုသည်။

Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့်ပါတ်သတ်ပြီး covid-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မရှင်မှ Dr ဇော်ဝေစိုး ဦးဆောင်၍ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီး အစွမ်းကုန်ကြိုးစားဆောင် ရွက်နေကြောင်း၊

Covid -19 ကာကွယ်ရေးမှာ စစ်ကောင်စီရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊လူထုကိုကာကွယ်ရမယ့်အစား ၎င်းတို့ရဲ့အာဏာကိုသာ ကာကွယ်လိုမှုတွေဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပျက်သုန်းစေဖို့ဖြစ်နေတာကြောင့်

Covid – 19 ကာကွယ်ရေးကိစ္စတွင် အစိုးရအဖွဲ့တစ်ဖွဲ့လုံးရော ပြည်သူများပါ အလေးထားဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း ယာယီသမ္မတက ပြောဆိုသည်။

Be the first to comment on "NUG ယာယီသမ္မတကတော့ မလွဲမသွေတိုက်ပွဲဝင်ဖို့ တပ်လှန့်လိုက်ပြီ"

Leave a comment

Your email address will not be published.


*