အမေရိကန်၏ ဆယ်စုနှစ် နှစ်ခုကြာ ကြိုးပမ်းအားထုတ်မှု သဲထဲရေသွန်ဖြစ်ခဲ့ရတဲ့ အာဖဂန်နစ္စတန်

အမေရိကန်၏ ဆယ်စုနှစ် နှစ်ခုကြာ ကြိုးပမ်းအားထုတ်မှု သဲထဲရေသွန်ဖြစ်ခဲ့ရတဲ့ အာဖဂန်နစ္စတန်

အာဖဂန်နစ္စတန်နိုင်ငံတွင် အစိုးရတစ်ရပ်ထူထောင်ရေးအတွက် အမေရိကန်ဦးဆောင်သော မဟာမိတ်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုအဆုံးတွင် တာလီဘန်များ ပြန်လည်အောင်ပွဲဆင်နိုင်ခဲ့ပြီဖြစ်သည်။

ငွေကုန်ကြေးကျများလွန်းသော၊ သွေးထွက်သံယိုမှုကြီးမားသော အမေရိကန်၏ ဆယ်စုနှစ် နှစ်ခုကြာ ကြိုးပမ်းအားထုတ်မှု သဲထဲရေသွန်ဖြစ်ခဲ့သည်။

တာလီဘန်များ နိုင်ငံတွင်းရှိ အဓိကမြို့ကြီးများကို သိမ်းပိုက်ပြီးနောက် ယမန်နေ့ (ဩဂုတ် ၁၅)တွင် မြို့တော်ကဘူးလ်ကို ဝင်ရောက်နိုင်ခဲ့သည်။ အာဖဂန်သမ္မတနိုင်ငံတွင်းမှ ထွက်ခွာသွားခြင်းနှင့်အတူ အစိုးရအဖွဲ့လည်း ပြိုကွဲခဲ့သည်။ စိုးရိမ်ထိတ်လန့်မှုနှင့်အတူ ထောင်ပေါင်းများစွာသော အာဖဂန်ပြည်သူများလည်း ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းလျက်ရှိရာ ကဘူးလ်မြို့တော်တွင် ဝရုန်းသုန်းကားဖြစ်လျက်ရှိသည်ဟု The New York Times သတင်းစာက ရေးသားသည်။

ကဘူးလ်မြို့တော်ရှိ အမေရိကန်သံရုံးဝန်ထမ်းများကို ဟယ်လီကော်ပတာများဖြင့် ကယ်ထုတ်နေပုံများ၊ လေဆိပ်တွင် နိုင်ငံတွင်းမှ ထွက်ပြေးလွတ်မြောက်ရန် လူများစုပြုံတိုးဝှေ့နေပုံနှင့် သမ္မတနန်းတော်တွင်းသို့ မောင်းပြန်ရိုင်ဖယ်သေနတ်များကိုင်ဆောင်ထားသည့် တာလီဘန်များ ဝင်ရောက်နေပုံများလည်း အင်တာနက်စာမျက်နှာများတွင် တွေ့ရှိသည်။

အမေရိကန်အနေဖြင့် ဒေါ်လာ ဘီလျံပေါင်းများစွာ အကုန်အကျခံပြီးနောက် နှစ်ပေါင်း ၂၀ ကြာ အာဖဂန်အစိုးရနှင့် အာဖဂန်စစ်တပ်ကို တည်ဆောက်ပေးခဲ့သော်လည်း အဆုံးသတ်တွင် တာလီဘန်သူပုန်များက အာဖဂန်နစ္စတန်နိုင်ငံကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။

တာလီဘန်များသည် ရက်အနည်းငယ်အတွင်း အဓိကမြို့ကြီးများကို ဆက်တိုက်သိမ်းပြီးနောက် မြို့တော်ကဘူးလ်ကို ဝင်ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။ အရပ်သားများကို ထိခိုက်စေခြင်း မရှိစေရန် သတိထားဆောင်ရွက်နေသည်ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူက ဆိုပြီး အာဖဂန်အစိုးရအဖွဲ့၏ ယာယီပြည်ထဲရေးဝန်ကြီးကလည်း ငြိမ်းချမ်းစွာ အာဏာသိမ်းလွှဲပြောင်းနိုင်ရန် စီစဉ်နေသည်ဟု ဆိုသည်။

အာဖဂန်နစ္စတန်တစ်နိုင်ငံလုံးကို တာလီဘန်များက တစ်ပတ်အတွင်း သိမ်းပိုက်ပြီးခဲ့ပြီးနောက် အယ်ကိုင်းဒါးအဖွဲ့နှင့် အခြားသော အစ္စလာမ်အစွန်းရောက်အဖွဲ့များ၏ အနာဂတ်သည် မေးခွန်းထုတ်စရာဖြစ်လာသည်ဟုလည်း The Guardian သတင်းစာက ရေးသားထားသည်။

အံ့အားသင့်ဖွယ်ရာ တာလီဘန်များ၏ အောင်ပွဲက အယ်ကိုင်းဒါးအဖွဲ့အပါအဝင် ကမ္ဘာ့နေရာအသီးသီးရှိ အစ္စလာမ်အစွန်းရောက်အဖွဲ့များကို များစွာအားတက်စေမည်ဖြစ်သည်ဟု ဆိုသည်။ တာလီဘန်များအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံကို မည်သို့ပုံဖော်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အမေရိကန်နှင့် နေတိုးအဖွဲ့က ကျောထောက်နောက်ခံပြုထားသည့် ကြည်းတပ်၊ လေတပ်နှင့် ရဲတပ်ဖွဲ့အပါအဝင် အင်အားသုံးသိန်းကျော်ရှိ အာဖဂန်အစိုးရစစ်တပ်မှာ တာလီဘန်များ၏ ထိုးစစ်ကို တောင့်ခံနိုင်ခြင်း မရှိဘဲ တစ်မြို့ပြီးတစ်မြို့ကျဆုံးပြီးနောက် ရက်အနည်းငယ်အတွင်း တစ်နိုင်လုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

တာလီဘန်များ အလျင်အမြန်အောင်ပွဲခံနိုင်ရခြင်းမှာ ထိခိုက်ပျက်စီးမှုမြင့်မားခြင်း၊ တပ်ပြေးများခြင်း၊ အမှန်တကယ်မရှိသော တပ်ဖွဲ့ဝင်စာရင်းကိုပြကာ တပ်မှူးများက လစာထုတ်ယူခြင်း စသည့် အကျင့်ပျက်ခြစားမှုများဖြင့် ကျော်ကြားသည့် အာဖဂန်အစိုးရစစ်တပ်ကြောင့်လည်းဖြစ်သည်ဟု BBC သတင်းတစ်ပုဒ်က ဆိုသည်။

၂၀၀၁ စက်တင်ဘာ ၁၁ ရက်တွင် အမေရိကန်ရှိ ကုန်သွယ်ရေးစင်တာနှင့် ပင်တဂွန်စစ်ဌာနချုပ်ကို အယ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က ခရီးသည်တင်လေယာဉ်များဖြင့် ဝင်တိုက် ဖောက်ခွဲသည့်နည်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် အာဖဂန်နစ္စတန်စစ်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏ အမိန့်ပေးအုပ်ချုပ်မှုအောက်တွင် နေတိုးအဖွဲ့ဝင် နိုင်ငံများအပါအဝင် နိုင်ငံစုံမှ စစ်သည်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း စစ်သည်ပေါင်း တစ်သိန်းလေးသောင်းခန့် ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အာဖဂန်စစ်ပွဲအတွင်း အမေရိကန်စစ်သည် ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး နှစ်သောင်းနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် အာဖဂန်ပြည်သူ ခြောက်သောင်းကျော်သေဆုံးခဲ့ကြောင်း The New York Times သတင်းစာ၏ အခြားဆောင်းပါးတစ်ခုတွင် ဖော်ပြသည်။

အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလျူဘွတ်ရှ်လက်ထက်တွင် စတင်ခဲ့သည့် အာဖဂန်စစ်ပွဲကို သမ္မတ အိုဘားမားလက်ထက်တွင် အမေရိကန်တပ်ဖွဲ့များကို ပြန်လည်ဆုတ်ခွာရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ စစ်ရေးပါဝင်မှုသာ ပိုမိုမြင့်တက်ခဲ့သည်။

၂၀၂၀ မေလတွင် အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်များ အပြီးအပိုင်ဆုတ်ခွာရန် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် တာလီဘန်များနှင့် ငြိမ်းချမ်းသဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်လက်ထက်တွင် အမေရိကန်တပ်ဖွဲ့များ စတင်ရုပ်သိမ်းပြီးနောက် တာလီဘန်များက တစ်နိုင်ငံလုံးကို ထိန်းချုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။Credit

Be the first to comment on "အမေရိကန်၏ ဆယ်စုနှစ် နှစ်ခုကြာ ကြိုးပမ်းအားထုတ်မှု သဲထဲရေသွန်ဖြစ်ခဲ့ရတဲ့ အာဖဂန်နစ္စတန်"

Leave a comment

Your email address will not be published.


*