တောင်ကိုရီးယားနှင့် အမေရိကန်၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရသည် သစ္စာမဲ့ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယုံဂျိုက သြဂုတ် ၁၀ ရက်တွင် ဝေဖန်ခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယားအနေဖြင့် ကြီးမားသည့် လုံခြုံရေး ခြိမ်းခြောက်မှုကို ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးခဲ့သည်။
တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့အကြား ပုဂ္ဂိုလ်ရေးအရစာများ အပြန်အလှန်ပေးပို့ကြခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် ဆက်ဆံရေးများ ပြေပြစ်လာသည့်တိုင် ကင်ယုံဂျို၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကိုရီးယားနှစ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က ပြတ်တောက်ခဲ့သည့် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိုင်းများကို ပြီးခဲ့သည့်လက ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များကလည်း ဆက်ဆံရေးမြှင့်တင်ရန် လုပ်ဆောင်သွားမည့်အကြောင်းကို သဘောတူညီမှုရရှိခဲ့သည်ဟု ကြေညာခဲ့သည်။
သို့သော်လည်း ယခုလအတွင်း တောင်ကိုရီးယားသည် အမေရိကန်နှင့် အန္တရာယ်များသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ယင်းသည် သစ္စာမဲ့မှု ဖြစ်သည်ဟု ကင်ဂျုံအွန်၏ အဓိက အကြံပေး ပုဂ္ဂိုလ်ဖြစ်သည့် ကင်ယုံဂျိုက ပြောကြားခဲ့သည်။
တောင်ကိုရီးယားနှင့် အမေရိကန်၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော်ဝင်ရောက်ရန် အစမ်းလေ့ကျင့် ပြင်ဆင်မှုများအဖြစ် မြောက်ကိုရီးယားက ယူဆထားသည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် လာမည့်သီတင်းပတ်တွင် နှစ်စဉ်ပြုလုပ်နေကြ နွေရာသီ စစ်ရေးလေ့ကျင့်မှုများအတွက် သြဂုတ်လ ၁၀ ရက်တွင် အကြိုလေ့ကျင့် ပြင်ဆင်မှုများကို စတင်လုပ်ဆောင်ခဲ့ချိန်တွင် ကင်ယုံဂျို၏ အစီရင်ခံစာ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယင်းစစ်ရေးလေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် လုံခြုံရေးခြိမ်းခြောက်မှုများနှင့် မလွှဲမသွေ ရင်ဆိုင်ရလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့ပြီး မြောက်ကိုရီးယားသည် ၎င်း၏ ကာကွယ်ရေးနှင့် လက်ဦးမှုရယူ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်သွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
တောင်ကိုရီးယားနှင့် အမေရိကန်သည် မဟာမိတ်စာချုပ်ချုပ်ဆိုထားမှုနှင့်အတူ အမေရိကန်သည် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့်မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ကာကွယ်ပေးရန် တောင်ကိုရီးယားတွင် စစ်သား ၂၈,၅၀၀ ဖြန့်ကျက်ချထားခဲ့သည်။
တောင်ကိုရီးယားနှင့် အမေရိကန်သည် မြောက်ကိုရီးယားအား နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးပွဲများသို့ ပြန်လည်ခေါ်ဆောင်ရန် ကြိုးပမ်းသည့်အနေဖြင့် ယခင်က ၎င်းတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချခဲ့သည်။
တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းသည် ၂၀၁၈ ခုနှစ် ဇွန်လက စင်ကာပူတွင် အမေရိကန်သမ္မတတစ်ဦးနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့အကြား ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့်အစည်းအဝေးကို ကြားဝင်စေ့စပ်ပေးနိုင်ခဲ့သဖြင့် ချီးကျူးခံခဲ့ရသော်လည်း
ဗီယက်နမ်တွင် ဒုတိယအကြိမ် ပြုလုပ်ခဲ့သည့် အစည်းအဝေးအပြီးတွင် နျူကလီးယား ဆွေးနွေးပွဲများ ရပ်တန့်သွားခဲ့ပြီး မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။
Be the first to comment on "သစ္စာဖောက်တောင်ကိုရီးယားကောင်တွေဟု ကင်ဂျုံအန်ညီမ ဒဲ့ကစ်"