ဦးနေဝင်းနဲ့ဦးသန်းရွှေတို့ လှည့်ကွက်သမိုင်းလား (၂)

Fritz Werner ကုမ္ပဏီရဲ့ ရုံးချုပ်ဟာ လိုင်ဆန်ဟိုင်မြို့မှာ တည်ရှိပါတယ် ။ ကုမ္ပဏီ ရုံးချုပ်ရှိ အဝင်လမ်းမကြီးမှာ ရုံးချုပ်အတွက် ဥရောပမှာ လုံးဝမရှိနိုင်တဲ့ မန္တလေး နန်းတော်ရဲ့ ပုံစံတူကို ဗိသုကာအနုစိတ်လက်ရာ နဲ့ ခမ်းနားကြီးကျယ်စွာ တည်ဆောက်ပေးခဲ့ပြီး Fritz Werner အတွက် ရင်သပ်ရှုမော ဂုဏ်ယူဖွယ်လက်ဆောင်ပေးအပ်ခဲ့ပါတယ် ။

ဦးနေဝင်း နဲ့ Fritz Werner ကုမ္ပဏီတို့ဟာ အကျိုးအမြတ် အတွက် ပေါင်းသင်းနေကြခြင်းထက် အများကြီး ပိုမိုနက်ရှိုင်းတဲ့ သံယောဇဉ်တွေ နဲ့ ရစ်ပါတ်မိသွားကြပါပြီ ။

Fritz Werner ကုမ္ပဏီကလည်း ဦးနေဝင်း လက်ဆောင်ပေးလိုက်တဲ့ ဂုဏ်ယူဖွယ် မန္တလေးနန်းတော် ပုံစံတူ အနုစိတ်အဆောက်အဦးကို ဝမ်းမြောက်ဝမ်းသာ လက်ခံပြီးနောက် ခေတ်နောက်ကျနေတဲ့ မြန်မာနိုင်ငံ အတွက် အဖက်ဖက်မှ ကူညီပါတော့တယ် ။

Fritz Werner ဟာ မြန်မာပြည်မှာ အဆင့်မှီ ဓာတ်မြေသြဇာစက်ရုံ ၊ ဓာတ်ငွေ့တူးဖော်ရေး စက်များ ၊ အထည်ချုပ်စက်ရုံ ၊ ဝါဇီငွေစက္ကူစက်ရုံ ၊ ငွေဒင်္ဂါးစက်ရုံ အစရှိတဲ့ စက်ရုံတွေကို ငွေကြေး အကျိုးမြတ် မရယူပဲ တည်ဆောက်ပေးလိုက်ပါတယ် ။

မဆလ ခေတ်ရဲ့ အကြီးစား စက်မှုလုပ်ငန်း အားလုံးနီးပါးဟာ Fritz Werner က တည်ဆောက်ပေးခဲ့တာတွေ ချည်းပဲ ဖြစ်ပါတယ် ။ အဲဒါကြောင့် ကစလ ထုတ် ပစ္စည်းတွေရဲ့ အရည်အသွေးဟာ တန်းမှီလမ်းမှီ ရှိခဲ့တာ သိမှီသူတွေ အများကြီး ရှိပါသေးတယ် ။

၈၈ အရေးအခင်း ဖြစ်သွားတဲ့ အတွက် ဂျာမဏီမှ ကားစက်ရုံများ မြန်မာပြည်သို့ လာရောက်တည်ဆောက်မယ့် စီမံချက် ပျက်သွားရတာကတော့ တိုင်းပြည်အတွက် နစ်နာလှပါတယ် ။

Fritz Werner က မြန်မာပြည်တွက် အဖိုးတန်သတ္တုများ ရှာဖွေရေး လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးခဲ့ကြပါတယ် ။ အနောက်ရိုးမ တောင်တန်းပေါ်ကို ဂျာမန် ဘူမိပညာရှင်များ ရွှေ နဲ့ သတ္တု သွားရှာကြပါတယ် ။

ဒေသခံ အလုပ်သမားခေါင်းဆောင်က မိုင်းတွင်းဟောင်း တခုကို ခေါ်သွားလို့ ကျောက်နမူနာများကို ယူသွားကြပါတယ် ။ ဂျာမန်ပညာရှင် အမျိုးသမီးက ဒေသခံ အလုပ်သမား ခေါင်းဆောင်ကို နမူနာ ကျောက်တွေပေးခဲ့ပြီး နောက်တခေါက် ပြန်လာရင် မင်းတို့မိသားစု ချမ်းသာအောင် လုပ်ပေးမယ်လို့ ပြောသွားပါတယ် ။

ဒါပေမယ့် ၈၈ အရေးအခင်း ဖြစ်ပြီးနောက် ပြန်မလာကြတော့ပါဘူး ။ ဒေသခံအလုပ်သမားကလည်း နမူနာ ကျောက်အနည်းငယ်ကို သံငရုပ်ဆုံနဲ့ ထောင်းပြီး ရွှေကျင်ယူကြည့်ရာ သမီးအတွက် နားကပ်တရံရသည်အထိ ရွှေပါဝင်ခဲ့တာ တွေ့ရပါတယ် ။

အရေးအခင်းပြီးတော့ တာဝန်ကျလာတဲ့ အရာရှိကို အဲဒီအကြောင်း ပြောပြတော့ အရမ်းစိတ်ဝင်စားတာ နဲ့ လက်ကျန် နမူနာကျောက်ကို တောင်းယူပြီး ဓာတ်ခွဲ စစ်ဆေးကြည့်ကြပါတယ် ။

အဲဒီအခါ လက်ပတောင်းတောင်ထက် အဆင့်မြင့်တဲ့ ကြေးနီ နဲ့ ရွှေရာခိုင်နှုံး အတော်များများ ပါဝင်နေတာ တွေ့ရပါတယ် ။

အဖြေရတာနဲ့ ချက်ခြင်းပဲ ဘူမိပညာရှင်ပါ တွဲဖက်ပြီး မိုင်းတွင်းဟောင်းဆီ ကိုယ်တိုင်သွားရောက်၍ ကျောက်နမူနာ ယူရန် စေခိုင်းပါတယ် ။ မိုးမပြတ်သေးတဲ့ ကာလမှာ ကားလမ်းမကနေ တောင် ၂ လုံး ၃ လုံး ကျော်အောင် ခက်ခဲစွာ သွားရပါတယ် ။

ဘူမိပညာရှင်ကတော့ လမ်းဆုံးအောင် မလိုက်နိုင်တော့လို့ ထားခဲ့ရပါတယ် ။ မိုင်းတွင်းဟောင်းကို ရောက်တော့ တွင်းက သဘာဝမိုးဒဏ်ကြောင့် ပြိုကျနေပါပြီ ။ အတွင်းပိုင်းကို ဝင်မရတော့ပါဘူး ။

မြွေပေါတယ်ဆိုလို့ လက်နက်ကို သတိနဲ့ ကိုင်ပြီး တွင်းဝက ကျောက်နမူနာပဲ ယူပြီး ပြန်လာကြရပါတယ် ။ ယင်းတွင်းဝက နမူနာအရပင် စီးပွါးဖြစ် ထုတ်လုပ်နိုင်ကြောင်း စမ်းသပ်အဖြေထွက်လာလို့ တူးဖော်ဖို့ စိတ်ကူးကြပါတယ် ။

အဲဒီအချိန်မှာပဲ လက်ပန်းတောင်းတောင် ပြဿနာကြီးက အမျှင်မပြတ် ကြီးထွားလာနေလို့ ဆိုင်းငံ့ထားကြတာ ယနေ့ထိပဲ ဖြစ်ပါတယ် ။
Fritz Werner နဲ့ မြန်မာအစိုးရဟာ လက်နက်ငယ် စက်ရုံကိစ္စများသာ မကပဲ မြန်မာ့တပ်မတော် ရဲ့ လေ့ကျင့်ရေး ကိစ္စများအထိ သိုသိပ်စွာ ပူးပေါင်းဆောင်ရွက်လာကြပါတယ် ။

ဦးနေဝင်းဟာ သူစိတ်ကူးထားတဲ့ ပထမ ခြေလှမ်းအပြီးမှာ ဒုတိယခြေလှမ်းအတွက် စတင်ပြင်ဆင်လိုက်ပါတယ် ။ အဲဒါကတော့ လက်နက်ကြီးများကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ရန် Fritz Werner နဲ့ စတင်ဆွေးနွေးပါတယ် ။

နှစ်ပေါင်းများစွာ ကမ္ဘာ့စပိုင်များရဲ့ မျက်စေ့အောက်မှာ သိုသိပ်စွာ တည်ဆောက်ခဲ့တဲ့ စစ်လက်နက်ငယ် စက်ရုံများနဲ့ လက်နက်ကြီးထုတ်မယ့် အစီအစဉ်တွေဟာ ထုံးစဲအတိုင်း ပြည်တွင်း သစ္စာဖောက်များကြောင့် ပေါက်ကြားသွားရပြန်ပါပြီ ။

မြန်မာ့တပ်မတော် နဲ့ Fritz Werner တို့ရဲ့ စစ်ရေးဆက်ဆံနေမှုတွေ အပေါ် ဂျာမဏီ သတင်းသမား တဦးကနေ မြန်မာ့တပ်မတော်ဟာ ဓာတုလက်နက်တွေ သုံးနေပြီဆိုပြီး အလန့်တကြား ပုံကြီးချဲ့ ရေးသားလိုက်ပါတော့တယ် ။

ဒီတော့ မြန်မာကို အမြဲတမ်း ဒုက္ခပေးနေတဲ့ အမေရိကန် နဲ့ သြစတေးသျှတို့ကလည်း သံယောင်လိုက်ပြီး အော်လာကြပါတယ် ။ ဆက်ဒမ်ဟူစိန်သဲုးခဲ့တဲ့ Mustard Gas တွေကို မြန်မာတွေ ထုတ်နေပြီတဲ့ ။

Fritz Werner နဲ့ ပေါင်းပြီး အီတလီက ဆာလ်ဖာ ကုန်ကြမ်းဝယ်ယူကာ အခြားကုန်ကြမ်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်ပြီး CW လက်နက်တွေ ထုတ်လုပ်နေတာ ပိုင်ဆိုင်တော့မယ် ဆိုပြီး စွပ်စွဲကြပါတယ် ။

1985 မှ 1987 အထိ Fritz Werner ကို အင်္ကြးအကျယ် ရှုံ့ချကြပြီး မြန်မာဟာ အနာဂါတ်မှာ ဓာတုလက်နက်တွေ ပိုင်လာမှာ သေချာတယ် ဆိုပြီး အမေရိကန် နဲ့ အင်္ဂလန် အပါအဝင် ဥရောပနိုင်ငံတွေက ပြောဆိုကြပါတယ် ။

ဆက်ဒမ်ဟူစိန်ကို ဓာတုဗေဒပစ္စည်းတွေ ရောင်းပေးခဲ့တဲ့ အမေရိကန် နဲ့ အင်္ဂလန်တို့ဟာ မျက်နှာပြောင်စွာပဲ မြန်မာနဲ့ Fritz Werner တို့ရဲ့ ဆက်ဆံရေး ပြတ်တောက်အောင် တိုက်တွန်းနေကြတာ ရီစရာပါပဲ ။

ကနောင်မင်းသားခေတ် အနှောက်အယှက်တွေကို သတိရဖွယ် ဖြစ်နေပါတယ် ။

အဲဒီပြဿနာတွေ တက်နေတုန်းမှာပဲ မြွေပူရာ ကင်းမှောက်ဆိုသလို ပြည်တွင်းက အနှောက်အယှက်လည်း ပေါ်လာပြီး ပြည်ပအဖျက်သမားတွေကို အားဖြည့်ပေးတဲ့ အကွက် ဖန်တီးလာပြန်ပါတယ် ။

ပြည်တွင်းက ဖန်တီးတဲ့ ပြဿနာကတော့ ………..?

(ဒီအကြောင်းအရာများနဲ့ အချက်အလက်များကို မြန်မာပြည်သား Star Shinster ACC မှ မှီငြမ်းထားပါတယ် ။ ပထမပိုင်းမှာ ဖော်ပြရန် မေ့သွားသလို မူရင်းပို့စ်ကိုလည်း ဆက်သွယ်မရလို့ ခွင့်မတောင်းနိုင်တော့ပဲ ဒီအတိုင်း ရေးလိုက်ရပါတယ် ။ )

ကိုရွှေမျိုးဝင်း

Be the first to comment on "ဦးနေဝင်းနဲ့ဦးသန်းရွှေတို့ လှည့်ကွက်သမိုင်းလား (၂)"

Leave a comment

Your email address will not be published.


*