ထောင်ကထွက်ပြီးနောက် ဘဏ်ထဲ ၅ကျပ်ကျန် ဘဝကနေ ပြန်ချမ်းသာလာခဲ့တဲ့ ရော်နယ်လ်ဒင်ညိုရဲ့ အံ့သြဖွယ်ရာ ဘဝတဆစ်ချိုး ခရီးလမ်း

ဘောလုံးလောကကနေ အနားယူသွားခဲ့ပြီဖြစ်တဲ့ ဂန္ထဝင်မြောက် မှော်ဝင်ဘရာဇီးလ်သားကြီး ရော်နယ်ဒင်ညိုကို ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ ဘာစီလိုနာဂန္ထဝင်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်ဂန္ထဝင်အသင်းတို့ရဲ့ပွဲစဥ်မှာ ပရိသတ်တွေအနေနဲ့ မြက်ခင်းစိမ်းမှာ တကျော့ပြန်မြင်တွေ့ရတာခဲ့ပြီး သူက ပင်နယ်တီကနေ တဂိုးသွင်းယူခဲ့သလို ငယ်မူငယ်သွေးကြွပြီး အထူးပဲ​ခြေစွမ်းပြခဲ့ပါတယ်။

ဒါဟာ ထောင်က ထွက်လာပြီးနောက် ရော်နယ်ဒင်ညိုရဲ့ ပထမဆုံးဘောလုံးပွဲစဥ်လည်း ဖြစ်လာခဲ့ပြီး ဘာစီလိုနာဂန္ထဝင်အသင်းက ၃-၂ နဲ့ အရေးနိမ့်ခဲ့ပေမယ့် အသက် ၄၁ နှစ်သားကြီးရဲ့ ပေါ့ပါးပြီး ဘောလုံးဥာဏ်ကြီးရှင်ဆန်လှတဲ့ ကစားဟန်ကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဘောလုံးကွင်းထဲမှာ အပြုံးလေးနဲ့ တင်ဆက်နေတဲ့ သူ့ရဲ့ မူလလက်ဟောင်း အမူအရာလေးကို တကမ္ဘာလုံးက ပြန်လည်အရသာခံခွင့်ရခဲ့တာပါ။

ဒီနောက်ကွယ်မှာတော့ ဘောလုံးကစားခြင်းကနေ အနားယူခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ဘဝဟာ ပန်းခင်းလမ်းမဟုတ်ခဲ့ဘဲ ပတ်စပို့အတုလုပ်ခဲ့တဲ့ အမှုနဲ့ ပါရာဂွေးနိင်ငံမှာ သူ့ရဲ့ညီနဲ့အတူ အဖမ်းခံထားခဲ့ရတာဖြစ်ပြီး ထောင် ၆ လ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သူ့အနေနဲ့ ​သံတိုင်တွေရဲ့နောက်မှာ ၁၇၁ ရက်နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ အဲဒီအချိန်က ဘဏ်ထဲမှာ ၅ ပေါင် သာရှိတဲ့ ဘလွန်ဒေါဆုရှင်ဟောင်းကြီးဟာ သေချာပေါက် ဒေဝါလီခံတော့မယ်လို့ ယူဆခံခဲ့ရပေမယ့် ထောင်ကလွတ်လာပြီး ၄ လအတွင်းမှာ ပေါင် ၇ သိန်းကျော်အထိ ဝင်ငွေရှာဖွေသွားနိုင်ခဲ့ကြောင်းလည်း သိရပြီး သူ့ဘဝကို တဆစ်ချိုးပြောင်းလဲနိုင်ခဲ့ပါတယ်။

သူ့အနေနဲ့ အက်သလက်တီကို မီနေရိုးအသင်းရဲ့ ကွင်းကြီးကို ပရိုးမိုးရှင်းဆင်းဖို့ ကူညီပေးခဲ့သလို စီးပွားရေးခြေလှမ်းတချို့အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်ဘရန်းဖြစ်တဲ့ R-ONE ဆိုတဲ့ အော်ဂဲနစ်ဂျင်အရက်ကို စတင်ကြေငြာရောင်းချခဲ့ပါတယ်။ သူ့ကို ဂုဏ်ထူးဆောင်မြို့သားအဖြစ် သတ်မှတ်ထားတဲ့ Belo Horizonte ဆိုတဲ့ ဘရာဇီးလ်မြို့မှာ ကိုယ်တိုင် စတူဒီယိုကို ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီမှာ အသံသွင်းခဲ့တဲ့ မြူးဇစ်ဗီဒီယိုတပုဒ်ကို ရိုက်ကူးပြီး အဆိုပါဂျင်အရက်ကို ကြေငြာခဲ့တာပါ။ သူရိုက်ကူးခဲ့တဲ့ သီချင်းထဲမှာ ဘီကီနီဝတ်အမျိုးသမီးတွေနဲ့ ဝန်းရံထားသလို တပတ်အတွင်းမှာ ကြည့်ရှုသူ တသန်းကျော်ရှိခဲ့ပြီး “ယမကာနဲ့ မြာ” ဆိုတဲ့ Theme ကို တည်ဆောက်ပြခဲ့တာပါ။

ဒါ့အပြင် ခရီးသွားအက်ပလီကေးရှင်းတခုအတွက်လည်း လှပျိုဖြူတသိုက်နဲ့ ကြော်ငြာရိုက်ကူးခဲ့ပြန်ပါသေးတယ်။ အဲဒါတင်မကဘဲ သူက ၂၀၁၉ ခုနှစ်ကတည်းက Betris ဆိုတဲ့ မြင်းပွဲဒိုင်ဝက်ဘ်ဆိုက်နဲ့လည်း စာချုပ်ချုပ်ပြီး လုပ်ကိုင်နေသေးတာမို့ ဝင်ငွေတရပ်ရရှိနေသေးတာလည်း ဖြစ်ပါတယ်။

သူဟာ PES နဲ့ FIFA ဘောလုံးဂိမ်းတွေကိုလည်း အကြီးအကျယ်ကြော်ငြာပေးခဲ့သလို FIFA 21 မှာဆိုရင် သူ့ရဲ့ကိုယ်ပိုင်အသင်းအဖြစ် R10 အသင်းကို ဖန်တီးထားတာလည်း ပါဝင်နေပါသေးတယ်။ ထောင်ကထွက်လာအပြီးမှာ ဘရာဇီးလ်သမ္မတနဲ့လည်း တွေ့ဆုံခဲ့သေးသလို ဘရာဇီးလ်ခရီးသွားလာမှုဆိုင်ရာသံတမန်အဖြစ်လည်း ဆက်လက်တာဝန်ယူထားပါတယ်။

နောက်ဆုံးအနေနဲ့ ရော်နယ်ဒင်ညိုရဲ့ ဘောလုံးသမားဘဝအကြောင်း ရိုက်ကူးထားတဲ့ ” ကမ္ဘာ့အပျော်ရွင်ဆုံးလူသား ” ဆိုတဲ့ ရုပ်ရှင်ဟာလည်း ထွက်ရှိလာခဲ့တာဖြစ်ပြီး “ခက်ခဲတဲ့ အခြေအနေဟာ အဆုံးသတ်လုနီးလာပါပြီ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ လွန်ခဲ့တဲ့လပိုင်းတွေမှာ အားလုံးရဲ့ ဂရုစိုက်မှုနဲ့ ထောက်ခံမှုတွေကို ရရှိခဲ့ပါတယ်။” လို့ ရော်နယ်လ်ဒင်ညိုက ထွက်ရှိလာခဲ့တဲ့ သူ့ရဲ့ရုပ်ရှင်ထရေလာမှာ ရေးသားထားတာကို တွေ့ရှိခဲ့ရကြောင်း တင်ဆက်ပေးပါရစေ။

PHOTOS CREDIT TO OWNERS , SPORTS A2Z.

Be the first to comment on "ထောင်ကထွက်ပြီးနောက် ဘဏ်ထဲ ၅ကျပ်ကျန် ဘဝကနေ ပြန်ချမ်းသာလာခဲ့တဲ့ ရော်နယ်လ်ဒင်ညိုရဲ့ အံ့သြဖွယ်ရာ ဘဝတဆစ်ချိုး ခရီးလမ်း"

Leave a comment

Your email address will not be published.


*