ကြောက်စရာအကောင်းဆုံး ကိုဗစ်ဒယ်လ်တာပိုး

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာဗီဇမျိုးကွဲဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဗီဇမျိုးကွဲတွေထဲမှာ အမြန်ဆုံး၊ လိုက်လျောညီထွေ ရှင်သန်နိုင်ဆုံးနဲ့ လန့်စရာ အကောင်းဆုံး အမျိုးအစားပဲလို့ ဗြိတိန် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇဆိုင်ရာ သတင်းအချက်အလက် စစ်ဆေးရေးဌာန အကြီးအကဲက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

လောလောဆယ် ကမ္ဘာကြီးအတွက် အကြီးဆုံးဘေးက ရှင်းရှင်းလေးပဲ ဒယ်လ်တာ ဗီဇမျိုးကွဲပါလို့ အဏုဇီဝပညာရှင် ရှရွန်ပီးကော့က ပြောပါတယ်။

သူ့ရဲ့ အကြီးဆုံးစိုးရိမ်သောက ကတော့ ကာကွယ်ဆေးမထိုးရသေးတဲ့ တိုင်းပြည်တွေမှာ ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်မှာကိုပဲလို့လည်း သူက ဆက်ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ပထမဆုံး တွေ့ရှိခဲ့တဲ့ ဒယ်လ်တာဗီဇမျိုးကွဲနဲ့ပတ်သက်လို့ အကြီးစား စိုးရိမ်စရာ ကိစ္စက လူတွေကို ပိုနာမကျန်းဖြစ်စေတာ မဟုတ်ဘဲ လူတွေကို တယောက်ဆီက တယောက် ပိုပြီး အများကြီး လွယ်လွယ်ကူကူ ကူးစက်နိုင်တာပါ။

ဒါကြောင့် ကာကွယ်ဆေးထိုးမခံရသေးတဲ့ လူတွေကြားမှာ ကူးစက်နှုန်းရော ဆေးရုံတက်နှုန်းပါ ပိုတိုးလာပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမတလုံးပဲ ထိုးရသေးတဲ့ လူတွေအပေါ်မှာ ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်ခဲ့ရင် ကာကွယ်ဆေးရဲ့ ထိရောက်မှုကို ဗိုင်းရပ်စ်ပိုးက လျှော့ချနိုင်ပေမယ့် ကာကွယ်ဆေး ၂ လုံးစလုံးအပြည့် ထိုးထားရင်တော့ ဝေဒနာ ပြင်းထန်ဆိုးရွားမှုကို မြင့်မြင့်မားမား ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

တကမ္ဘာလုံးမှာ ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း အများဆုံး အမေရိကန်မှာတော့ ကူးစက်မှုအသစ် အားလုံးရဲ့ ၈၃ ရာခိုင်နှုန်းဟာ ဒယ်လ်တာ ဗီဇမျိုးကွဲကြောင့် ဖြစ်ပြီး အခြေအနေဆိုးတဲ့ လူနာ ၉၇ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး မထိုးရသေးတဲ့လူတွေလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Be the first to comment on "ကြောက်စရာအကောင်းဆုံး ကိုဗစ်ဒယ်လ်တာပိုး"

Leave a comment

Your email address will not be published.


*