နွေဦးတော်လှန်ရေးနောက်မှာ တပ်တွင်းတော်လှန်ရေးနဲ့ တိုင်းပြည်ကို ကယ်တင်ကြမှာလား

နွေဦးတော်လှန်ရေးနောက်မှာ တပ်တွင်းတော်လှန်ရေးနဲ့ တိုင်းပြည်ကို ကယ်တင်ကြမှာလား

အီဂေါဗလာဇီဗစ်

မြန်မာပြည်က မိတ်ဆွေအတော်များများ အောက်စီဂျင် အရေးပေါ်လိုနေတယ် ဆိုတဲ့ ပို့စ်တွေ facebook မှာတင်ကြတယ်။ မကြာပါဘူး အသက်မမှီတော့ဘူး ဆိုတဲ့ နောက်ဆက်တွဲ့ ပို့စ်တွေ တင်နေကြရတယ်။ အင်မတန်မှ နာကျင်ကြေကွဲ ဝမ်းနည်းစရာ အချိန်ကာလတွေပါ။ မကြာခင်ကာလ ကမ္ဘာ့သမိုင်းကိုပြန်ကြည့်ပြီး အရဲကိုးပေမဲ့ မျော်လင့်နိုင်တဲ့ ဖြစ်နိုင်ချေတခုကို ပြောကြည့်ချင်ပါတယ်။

မြန်မာပြည်မှာကြုံနေရတဲ့ ကြေကွဲစရာဖြစ်ရပ်တွေဟာ လူတစ်ယောက်ရဲ့ လက်ချက်ပါ။ မလွှဲမရှောင်သာ ကြုံနေရတာလည်း မဟုတ်ပါ။ သဘာဝတရားရဲ့ ဥပဒေအရ ကြုံနေရတာလည်း မဟုတ်သလို သမိုင်းဖြစ်စဉ်အရ ဒီလိုဖြစ်ဖို့ရှိလို့ ကြုံရတာလည်း မဟုတ်ပါ။ တိုင်းပြည်ဘေးဒုက္ခထဲ ပြိုဆင်းနေတာကို ရပ်တန့်လို့ ရတယ်။ မြန်မြန်ဆန်ဆန်လမ်းကြောင်းပြောင်းလို့ရတယ်။ အားလုံးက လူတချို့ရဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှု အပေါ်မှာ မှီတည်နေပါတယ်။

တိုင်းပြည်တွေရဲ့ နိုင်ငံရေးဘဝမှာ တကယ်ဖြစ်သွားတဲ့ အချိန်မတိုင်ခင် အထိက မဖြစ်နိုင်ဘူးလို့ပဲထင်ကြရတာပါ။ဥပမာ အားဖြင့် ဆိုဗီယက် ကွန်မြူနစ် စနစ်ကြီး နောက်ဆယ်စုပေါင်းများစွာ ရှိနေမှာပဲလို့ တွေးခဲ့ကြပါတယ်။ သူတို့မှာ နူးကလီးယားအပါအဝင် ကြီးမားတဲ့ လက်နက်အင်အားရှိတယ်။ ကေဂျီဘီလို ထောက်လှမ်းရေးတွေနဲ့ ကာကွယ်ထားတယ်။ ဒါပေမဲ့ အစိုးရတရပ်လုံးဟာ အချိန်တိုမှာ ပြိုကျသွားတာပါပဲ။

ပြင်းထန်တဲ့ သမိုင်းကာလမှာ အရွေ့အပြောင်းကြီးတဲ့ ဖြစ်ရပ်တွေဟာ နိုင်ငံရဲ့ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး စနစ်အားလုံးကို နက်နက်ရှိုင်းရှိုင်း ပြောင်းပေးသွားတာပါပဲ။ လက်ရှိမြန်မာပြည်နဲ့ ဆင်တူပြီး၊ မြန်မာပြည်မှာလဲ ဖြစ်လာနိုင်ချေရှိတဲ့ ပေါ်တူကီနိုင်ငံရဲ့ သမိုင်းဇာတ်ကြောင်းတခုကို ပြောပြချင်ပါတယ်။

၁၉၇၀ ကျော် ကာလတွေမှာ ပေါ်တူကီဟာ အာဏာရှင်စနစ်အောက်မှာ နေခဲ့တာ နှစ် ၄၀ ရှိပါပြီ။ ၁၉၂၆ ထဲကအာဏာသိမ်းထားတဲ့ ပေါ်တူကီအစိုးရဟာ အဲဒီတုန်းက ဥရောပရဲ့ သက်တန်းအရှည်ဆုံး အာဏာရှင်စနစ်ပါ။ ၁၉၇၄ဧပြီလ ၂၅ မှာတော့ သွေးထွက်သံယို မရှိတဲ့ တန်ပြန်အာဏာသိမ်းမှုနဲ့ ဖက်ဆစ်အစိုးရဆီက အာဏာကို အရာရှိငယ်တွေက သိမ်းလိုက်ပါတယ်။

ပေါ်တူကီစစ်တပ်မှာက မျိုးဆက်နဲ့ချီပြီး လက်ယာစွန်း အမျိုးသားရေးဝါဒကိုရိုက်သွင်းလာခဲ့တာပါ။ ရှေးရိုးစွဲအဖြစ်ဆုံးနည်းနဲ့ ဖွင့်ဆိုထားတဲ့ ကက်သလစ် ဘာသာရေး၊ တူရကီအင်ပါယာ၊ အစိုးရနဲ့ အာဏာရှင်စနစ်ကိုပြတ်ပြတ်သားသားကာကွယ်ရမယ်ဆိုတာက စစ်သားတွေကို သင်ကြားပေးတဲ့ အဓိကအချက်တွေဖြစ်ပါတယ်။

မြန်မာပြည်မှာလည်း တိုင်းပြည်ကြီးဟာ အမြဲတန်းပြိုကွဲလုလုမို့ ဖြစ်တဲ့နည်းနဲ့ ကာကွယ်ရမယ်။စစ်အာဏာရှင်အစိုးရက အဲဒီလို ကာကွယ်ဖို့လုပ်နေတာ ဆိုတဲ့ အယူဝါဒကို ဖေါင်းပွကျယ်ပြန့်နေအောင်လုပ်ပြီး စစ်သားတွေအရာရှိတွေကို ရိုက်သွင်းထားပါတယ်။ ရှေးရိုးစွဲနဲ့ အလွန်အကျွံအမျိုးသားရေးဝါဒ၊ နိုင်ငံမှာ လူအများဆုံးကိုးကွယ်တဲ့ ဘာသာဝင်မဟုတ်ရင် အကျုံးမဝင် စတဲ့ အမြင်တွေကိုလည်း သွတ်သွင်းထားပါတယ်။

ပေါ်တူကီအာဏာရှင်စနစ်မှာလည်း ဖိနှိပ်မှု၊ ဆင်ဆာ၊ လွတ်လပ်တဲ့ လှုပ်ရှားမှုတွေခွင့်မပြုတာ၊ ကြောက်ရတဲ့ထောက်လှမ်းရေးနဲ့ တိုင်းပြည်ကို အုပ်ချုပ်ပါတယ်။ အတိုက်အခံတွေကို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်ပါတယ်။စီးပွါးရေးလုပ်ငန်း အများစုက စစ်တပ်နဲ့ နိုင်ငံရေးသမားတွေ၊သူတို့နဲ့ နီးစပ်သူတွေ လက်ထဲမှာပဲရှိပါတယ်။ လူတချို့က အလွန်အကျွံချမ်းသာကြပေမဲ့ တိုင်းပြည်က မဖွံ့ဖြိုးခဲ့ပါဘူး။ အဲဒီကာလ ပေါ်တူကီဟာ အနောက်ဥရောပမှာ အဆင်းရဲဆုံးနိုင်ငံပါ။ ကျန်းမားရေး နဲ့ ပညာရေးက စုတ်ပြတ်နေပြီး ဥရောပအဆင့်မှာ နောက်ဆုံးကရှိပါတယ်။လယ်ယာလုပ်ငန်းကလည်း နိမ့်နိမ့်ကျကျ၊ အခြေခံအဆောက်အအုံကလည်း ဖရိုဖရဲဖြစ်နေပါတယ်။

ပေါ်တူကီရဲ့ အဓိကပြဿနာက သူ့နိုင်ငံအကျယ်အဝန်းထက် ဆယ်ဆလောက်ကြီးတဲ့ ကိုလိုနီတွေကို ထိန်းထားချင်တာပါ။ တကမ္ဘာလုံးက နိုင်ငံတွေဟာ ကိုလိုနီစနစ်ကို ဖျက်သိမ်းနေပေမဲ့ ပေါ်တူကီကတော့ ဆက်ချုပ်ကိုင်ထားပါတယ်။ နိုင်ငံ့ဘတ်ဂျက်ရဲ့ ၄၀% က ကိုလိုနီတွေထိန်းဖို့အတွက် အာဖရိကမှာ စစ်တိုက်ရတာနဲ့ ကုန်ပါတယ်။ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေကလည်း ဝိုင်းပယ်ပါတယ်။ တဘက်မှာတော့ ပြည်သူတွေကတော့ တော်တော်စိတ်ပျက်လာကြတယ်။ ကိုလိုနီစစ်ပွဲတွေ အဆုံးသတ်ချင်တယ်။ နှစ် ၄၀ လောက်ကြာနေတဲ့ အာဏာရှင်စနစ်ကိုအဆုံးသတ်ချင်တယ်။

ပေါ်တူကီစစ်တပ်က အရာရှိငယ်တွေဟာ ၃ လလောက်လျို့ဝှက်ပြင်ဆင်ပြီး ၁၉၇၄ ဧပြီ ၂၅ မှာတော့ တင့်ကားတွေလစ်စဘွန်းမြို့ထဲဝင်လာပြီး အာဏာသိမ်းပါတယ်။ ဝန်ကြီးချုပ်ဖြစ်သူ မာဆယ်လို စီတာနိုဟာ အစောင့်တပ်ထဲပြေးဝင်ခိုလှုံပေမဲ့ ခုခံမှုသိပ်မရှိပဲ လက်နက်ချခဲ့တယ်။

ပေါ်တူကီ ပြည်သူတွေဟာ ဝမ်းသာအားရနဲ့ လမ်းတွေပေါ်ထွက်ပြီး စစ်သားတွေကို ဇော်မွှားပန်းနီတွေပေးကြတယ်။စစ်သားတွေရဲ့ ယူနီဖေါင်းမှာ၊ သေနတ်ပြောင်းတွေမှာပန်းနီလေးတွေထိုးပေးကြတယ်။ ဇော်မွှားပန်းနီတော်လှန်ရေးလို့ အမှတ်သညာပြု ခေါ်ဆိုခဲ့ကြတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အကျဉ်းသားတွေလွှတ်ပေးတယ်၊ ဆင်ဆာစနစ်ကို ဖျက်သိမ်းတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ကို ခွင့်ပြုတယ်။

လုံခြုံရေး ထောက်လှမ်းရေး ယန္တယားကြီးကိုယုတ်သိမ်းတယ်။ တော်လှန်တဲ့ တပ်သားတွေ အာဏာသိမ်းပြီး ပထမနှစ်မှာတော့ မရေမရာ ဖရိုဖရဲ အခြေအနေဖြစ်ပါတယ်။ တနှစ်တိတိအကြာမှာ ကိုယ်စားပြုလွှတ်တော်ဖွဲ့စည်းပြီး အခြေခံဥပဒေသစ်ကို မြန်မြန်ပြဌာန်းတယ်။ပေါ်တူကီ ကိုလိုနီ စနစ်ကို အဆုံးသတ်တယ်။ ပြည်သူ့လွတ်လပ်ခွင့်ကို အပြည့်အဝ အာမခံချက်ပေးတယ်။ ၁၉၇၆မှာတော့ ဒီမိုကရေစီ အစစ်အမှန်နဲ့ ရွေးကောက်ခံ အစိုးရတက်လာပြီး မြေယာပြုပြင်ပြောင်းလဲရေးလုပ်တယ်။ စီးပွါးရေး လုပ်ငန်း ၆၀% ကို နိုင်ငံပိုင်လုပ်တယ်။

သွေးထွက်သံယိုမရှိတဲ့ အာဏာသိမ်းပွဲနဲ့ ဒီမိုကရေစီအကူးအပြောင်းဟာ ဒီနေ့ထိ ပေါ်တူကီ စစ်တပ်နဲ့ ပြည်သူတွေထက်ထက်သန်သန် ဂုဏ်ယူတဲ့ အရာတွေဖြစ်ပါတယ်။ မြည်မာပြည်မှာလည်း အလားတူ အခြေအနေဖြစ်လာဖို့ မြင်ယောင်ကြည့်လို့ ရပါတယ်။

အမျိုးသားရေး လက္ခဏာဆိုတဲ့ အတင်းသွတ်သွင်းထားတဲ့ စစ်တပ်ရဲ့ ခေတ်မမှီတော့ အတွေးအခေါ်ထဲမှာ မြန်မာပြည်ပိတ်မိနေခဲ့တာ ဆယ်စုနှစ်များစွာရှိပါပြီ။အတင်းအကျပ်စုစည်းဖို့ စစ်တပ်က လုပ်နေတဲ့ ကိစ္စဟာ အဆုံးမရှိတဲ့စစ်ပွဲတွေကို မီးထိုးပေးနေပြီး နိုင်ငံရေး အဖြေလည်း မမြင်ရပါဘူး။ စစ်တပ်က ဆုတ်ကိုင်ထားတဲ့ အယူဝါဒဟာမြန်မာပြည်ရဲ့ မြေပြင် အခြေအနေနဲ့ဖြစ်ဖြစ်၊ လူမျိုးစု၊လူဦးရေ အချိုးအစားနဲ့ဖြစ်ဖြစ် သင့်လျော်မနေပါဘူး။ ဒီမဆီလျော်တဲ့ အယူဝါဒကိုပဲ စစ်တပ်က ဖိနှိပ်မှုတွေလုပ်ပြီး တရားသေ ဆုတ်ကိုင်ထားပါတယ်။ အကျိုးရလာဒ်ကတော့ အာဆီယံမှာ အဆင်းရဲဆုံး နိုင်ငံဖြစ်နေတာ၊ ရှိထားတဲ့ အစွမ်းအစထက် အများကြီး နိမ့်ကျတဲ့ မဖွံ့ဖြိုးမှုထဲရောက်နေခဲ့တာပါပဲ။

မြန်မာပြည်သူတွေကတော့ စိတ်ပျက်လှပြီ။ ကြာလှပြီ ဖြစ်တဲ့ အာဏာရှင်စနစ် နဲ့ လူတစုကိုပဲ ကောင်းစားစေတဲ့အခြေအနေကိုလည်း အဆုံးသတ်ချင်လှပြီ။ အခုအခါမှာ ပြည်သူတွေ သေချာ သဘောပေါက်သွားတာက လူမျိုးစုတွေကို စစ်တိုက်ပြီး တိုင်းပြည်တည်ထောင်လို့မရဘူးဆိုတာပါပဲ။

သာမန်မြန်မာပြည်သူတွေတင် စိတ်ပျက်တာတော့ မဟုတ်ပါဘူး။ စစ်တပ်ထဲမှာလည်း ဘေးဒုက္ခဆိုးကို ခေါ်လာတဲ့မအလရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုကို စိတ်ပျက်ကြသူ ပမာဏက များဖို့ရှိပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်မှာကွဲပြားတဲ့ လမ်းနဲ့ သွားခဲ့လို့ တိုင်းပြည်ဖွံ့ဖြိုးလာတာကိုလည်း စစ်ဗိုလ် စစ်သားအများစု မြင်ခဲ့ပြီးသားပါ။

အခုအတိုင်းဆက်သွားရင် တိုင်းပြည်ဘယ်လောက်ဒုက္ခများမလဲ ဆိုတာလည်း စစ်ဗိုလ် စစ်သားတွေ တွေ့နေရပါတယ်။ တိုင်းပြည်ဟာ အထီးကျန် ဆက်ဖြစ်အုံးမယ်။ စီးပွါးရေးပြိုမယ်။ စစ်ပွဲတွေက ဆက်ပြီး အရှိန်မြင့်မယ်။လက်ရှိကိုဗစ်ကပ်ဘေးမှာ ပြည်သူတွေ အကာအကွယ်မဲ့သလိုပဲ စစ်သားမိသားစုတွေ ဆွေမျိုးတွေလဲအကာအကွယ်မရှိပါဘူး။ ဘယ်သူမှ မလုံခြုံပါဘူး။ လူတိုင်းဟာ အရှုံးသမားပါ။

မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ပြည်ဖျက်လုပ်ရပ်အပေါ် ခါးသီးမုန်းတီး ဒေါသထွက်မှုကပြည်သူထဲမှာ၊ စီးပွါးရေးအသိုင်းအဝိုင်းမှာ၊ တပ်ထဲမှာကို အတော်ကြီးမားပါတယ်။ ဒါကြောင့် ပေါ်တူကီမှာလို တန်ပြန်အာဏာသိမ်း၊ မအလနဲ့ အပေါင်းပါတချို့ကို ဖယ်ရှားတာမျိုးဖြစ်လာနိုင်ချေကို မြင်ယောင်ကြည့်ဖို့ မခက်ပါဘူး။

မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေးဟာ လူငယ်တွေနဲ့ တိုင်းပြည်ကို ထာဝရ ပြောင်းလဲစေခဲ့ပါပြီ။
တိုင်းပြည်ကို ကယ်တင်ဖို့ စစ်တပ်ရဲ့ နွေဦးအလွန် တော်လှန်ရေး ရောက်လာမှာလား။

Be the first to comment on "နွေဦးတော်လှန်ရေးနောက်မှာ တပ်တွင်းတော်လှန်ရေးနဲ့ တိုင်းပြည်ကို ကယ်တင်ကြမှာလား"

Leave a comment

Your email address will not be published.


*