CDM ဗိုလ်ကြီး သုတအောင် တပ်တွင်းလျှို့ဝှက်ကိစ္စတွေ ဖွင့်ချလိုက်ပြီ

ကျွန်တော့်နာမည်ကတော့ သုတအောင်ပါ။တပ်မတော်မှ “ဗိုလ်ကြီး”အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဆင်းဖြစ်ပါတယ်။ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့တပ်ကတော့ “လုံခြုံရေးနှင့်ဆိုင်သော ပုံနိုပ်လုပ်ငန်းများစက်ရုံ” ဖြစ်ပါတယ်။ကျွန်တော် (၂၃/၃/၂၀၂၁)မှာစပြီး CDMဝင်ခဲ့ပါတယ်။

ကျွန်တော်တပ်ထဲဝင်စဉ်က ဒါဟာ ဂုဏ်ယူစရာလို့ ထင်ခဲ့ပါတယ်။တာဝန်ထမ်းဆောင်စဉ်ကာလ တစ်လျှောက်လည်း ဒီလိုပဲ သဘောထားခဲ့ပါတယ်။ခြေလျင်/ခြေမြန်လို့ အသက်စွန့်ပြီး မတိုက်ခိုက်ရပေမယ့် နိုင်ငံတော်အတွက် ငွေစက္ကူတွေ၊ထီလက်မှတ်တွေ၊ passportsတွေ_စတဲ့ တုပရန်ခက်ခဲတဲ့ လုံခြုံရေးအဆင့်ရှိတဲ့ ပုံနိုပ်လုပ်ငန်းလုပ်နေတာလည်း နိုင်ငံတော်ကာကွယ်နေတာပဲလို့ သဘောထားပြီး ဂုဏ်ယူခဲ့ပါတယ်။

ဒါပေမယ့် ဒီလို ဂုဏ်ယူခဲ့ရတာတွေဟာ (1.2.2021)မှာ ပျက်ဆီးသွားခဲ့ပါတယ်။ကျွန်တော် အရပ်ဖက်က သူငယ်ချင်းတွေ၊အမျိုးတွေကို ခဏခဏပြောဖူးတယ်။တပ်မတော်ဟာ ဘယ်တော့မှ အာဏာထပ်သိမ်းတော့မှာ မဟုတ်ဘူးလို့။မသိမ်းချင်လို့ကို လွှတ်တော်ထဲ အစိတ်သားထည့်ထားရတာလို့။တကယ်ပဲ ဒီလိုပဲ ယုံကြည်မိခဲ့တာ။

ဒါကြောင့်လည်း ၂၀၁၅ရော၊၂၀၂၀မှာပါ ရွေးကောက်ပွဲနဲ့ပတ်သတ်ရင် တပ်မတော်အကြီးအကဲတွေဟာ ဉာဏ်မီသလောက်နဲ့ မသမာမှုတွေလုပ်နေတာကို ကိုယ်တွေကြုံတွေ့ခဲ့ရတာတောင် “ဪ ဒါတွေလုပ်နေတာ အနည်းဆုံးတော​့ အာဏာပြန်မသိမ်းဘူးပေါ့”ဆိုပြီး တွေးမိခဲ့တယ်။ဒါပေမယ့်လည်း အခုဘာလုပ်လုပ် မနိုင်တော့ အာဏာပြန်သိမ်းတာပါပဲ။

ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ မဲမသမာမှုဆိုတာကို ရှင်းပြပါ့မယ်။၂၀၁၅ခုနှစ် ရွေးကောက်ပွဲကာလ_ကျွန်တော်က မန္တလေးနန်းတွင်းမှာ “တပ်မတော်အရာရှိ နိုင်ငံခြားဘာသာ(အင်္ဂလိပ်)စကား သင်တန်း”တတ်ရောက်နေတယ်။အဲဒီ့တော့ သင်တန်းသားအရာရှိတွေ ကြိုတင်မဲပေးဖို့ ကိုယ့်တပ်တွေကနေ တပ်ကိုယ်စားလှယ်တွေလာကြမယ်_ဆိုလို့ ကျွန်တော့်မှာ ကိုယ်မဲပေးရမယ့် လွှတ်တော်အမတ်တွေအကြောင်းကို စုံစမ်း၊ဘယ်သူ့ပေးရမလဲ တွေးတောလိုက်ရတာ။

တကယ်တန်း ကြိုတင်မဲလာပေးတဲ့ကိုယ်စားလှယ်ဆိုတာကြီး ရောက်လာပါရဲ့၊ကြိုတင်မဲဆိုတာ ပါမလာဘူး။”ညီလေး မင်းအတွက် ကြံဖွံ့ပဲ ပေးလိုက်တယ်နော်”တဲ့။အဲဒါလာပြောပြတာ။ပြီးတော့ ဒါပဲ။ကျွန်တော့် မဲပေးပိုင်ခွင့် လူ့အခွင့်အရေးဆိုတာ အဲဒီ့မှာတင် ဆုံးရှုံးပြီးသားဖြစ်သွားတယ်။(နောက်ပိုင်း သိရသလောက် တပ်တိုင်းမှာ ဖရဲသီးလို့သံသယရှိသူတွေကို အဲဒီ့ကာလဆို သင်တန်းလွှတ်တယ် ဆိုတာပါပဲ)

အခု ၂၀၂၀ရွေးကောက်ပွဲမှာကျ အရာရှိငယ်တွေကို မဲစာရင်းစစ်ဆေးဖို့/တပ်မိသားစုတွေ မပျက်မကွက်မဲပေးဖြစ်အောင် တိုက်တွန်းဖို့ဆိုပြီး ကော်မတီဖွဲ့ အစည်းအဝေးခေါ်ပါတယ်။အစည်းအဝေးမှာ စက်ရုံမှူးက အထက်ကညွှန်ကြားချက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ချပြပါတယ်။ဘာလဲဆိုရင် အဖွဲ့တွေက ကိုယ်ပြောရမယ့်ဇုံတွေမှာ တပ်မိသားစုတွေကို မဲထည့်ပုံ၊မဲထည့်နည်း မမှားအောင် ရှင်းပြတာ၊မဲစာရင်း စစ်ဆေးတာအပြင် “မဲထည့်တာ ကြိုက်တာထည့်လို့ရတယ်၊

ဒါပေမယ့် တပ်မတော်နဲ့သဟဇာတဖြစ်မယ့်အဖွဲ့တွေကို မဲပေးဖို့ စဉ်းစားသင့်တယ်”ဆိုပြီးပြောပါတယ်။တော်တော်များများကြားဖူးကြမယ်ထင်ပါတယ်။တပ်ချုပ်ပြောတဲ့ မဲပေးရင်စဉ်းစားသင့်တဲ့ (၅)ချက်ဆိုတာမျိုးလေ။ကျွန်တော်ကတော့ အဖွဲ့ခေါင်းဆောင်ကို ကပ်ပြောတာပေါ့ “အကိုကြီးရေ ပြောဆိုလို့ပြောလိုက်ရင် တယောက်ယောက်က Videoရိုက်တင်လို့ကတော့ တရားစွဲခံရမှာဗျ။အဲဒီအချိန်ဆို ဘယ်သူမှခေါင်းခံမှာမဟုတ်ဘူး၊အကိုကြီးပဲ ခံရမှာ”လို့။

ဒီတော့ သူလည်း အဲဒါကြီးတော့ မပြောခဲ့ပါဘူး။နောက် မဲပေးတဲ့နေ့မှာလည်း တပ်ပြင်နားကမဲရုံတွေကို အရာရှိငယ်တွေ အားလုံး အဖွဲ့တွေခွဲပြီး စောင့်ကြည့်ဖို့ ခိုင်းစေခံရပါတယ်။ကျွန်တော်ကတော့ သိပ်အဓိပ္ပါယ်မရှိဘူးထင်လို့ မစောင့်ကြည့်ခဲ့ပါဘူး။တချို့တော့ စောင့်ကြည့်ကြတယ်ပြောပါတယ်။အဆိုးဆုံးကတော့ မြို့တွေက အရပ်သားမဲရုံတွေကို စောင့်ကြည့်ဖို့ဆိုပြီး နယ်ခံအရာရှိတွေကို ခွင့်ပေးပြန်လွှတ်ပါတယ်။တချို့မြို့တွေမှာ ရပ်ကွက်က ရိပ်မိတာမျိုး၊အဖမ်းခံရတာမျိုး ကြုံကြရပါတယ်။

အဲဒီလို တလျှောက်လုံး မသမာတဲ့နည်းတွေလုပ်ခဲ့တာတောင် သူတို့မလိုလားတဲ့ပါတီအာဏာရလာတော့ အခုလို အာဏာသိမ်းလိုက်တော့တာပါပဲ။ဒီလိုနဲ့ပဲ စစ်ဗိုလ်ဖြစ်ရတာ ဂုဏ်ယူစရာမဟုတ်တော့ပဲ ရှက်စရာကောင်းလာပါတယ်။အစပိုင်းကတော့ “ငါက ပစ်နေခတ်နေတဲ့ကောင်မှမဟုတ်တာ၊ပြီးတော့ ငါအလုပ်လုပ်နေတာ စစ်တပ်တခုတည်းကောင်းဖို့မှမဟုတ်တာ

နိုင်ငံတော်အတွက်ပဲ ဘာညာ”ဖြေသိမ့်နေရင်းနဲ့ပဲ သူတို့ရဲ့ စည်းမဲ့ကမ်းမဲ့ နိုင့်ထက်စီးနင်း သွေးချောင်းစီးမှုတွေကို သည်းမခံနိုင်တော့ပါဘူး။နိုင်ငံတစ်နိုင်ငံရဲ့ စစ်တပ်ဖြစ်လျက်နဲ့ ROEတွေ၊COCတွေကိုလစ်လျှူရှူပြီး ထင်ရာစိုင်းနေတာ ရှက်စရာကောင်းပါတယ်။ပြည်သူတွေကို ပြောချင်တာလည်း ရှိပါတယ်။ဒီလို အာဏာသိမ်းတာနဲ့စပြီး ကြားရတာက “ဒလန်”ဆိုတာပါ။

အခုဆို “ပျူစောထီး”ဆိုပြီး အဖွဲ့တွေပါ ပေါ်လာတာတွေ့ရပါတယ်။အဲဒါကလည်း ကြည့်လိုက်ရင် “အစိမ်း”လို့ခေါ်တဲ့ ကြံ့ခိုင်ရေးအားပေးသူတွေချည်း ဖြစ်နေတယ်။အဲဒီ့သူတွေကို ကျွန်တော်ကတော့ “ငပိန်း”တွေလို့ပဲ မြင်ပါတယ်။ဘာလို့ဆို အခု အာဏာသိမ်းတာက အနီရှုံးပြီး အစိမ်းနိုင်တာမှမဟုတ်တာ။ အနီ/အစိမ်း ကိစ္စကိုမဟုတ်တာ။ပြီးတော့ ဘယ်လောက်ပဲ အာဏာသိမ်းသိမ်းပါ၊

ပြည်သူတွေဆီကလေးစားမှုကိုတော့ လုလို့သိမ်းလို့မရဘူး။ဒလန်ပဲ လုပ်လုပ်၊ပြူစောထီးပဲလုပ်လုပ် ဘာပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲပြန်လုပ်ပေး ဘယ်သူပဲနိုင်မယ်ဆိုတာ ဦးနှောက်ပါရင် အသိသာကြီးလေ။အရင်ထက်တောင် ပိုပြီး မဲအပြတ်အသတ်နိုင်ဖို့ပဲရှိတယ်။စစ်တပ်ဆိုတာ နိုင်ငံရေးပါတီတွေနဲ့ ဘာမှကို မဆိုင်တာလေ။

လက်ရှိစစ်တပ်ရဲ့လုပ်ရပ်က ပြည်သူတွေ ဘယ်လိုပဲ စိတ်ရှိလက်ရှိ မဲထည့်ထည့်၊နိုင်ငံရေးသမားတွေ ဘယ်လောက်ပဲမဲနိုင်နိုင် ငါတို့ကတော့ ကြိုက်တဲ့အချိန် အာဏာသိမ်းလို့ရတယ်ဆိုတဲ့ သဘော။မြန်မာနိုင်ငံရဲ့နိုင်ငံရေးအာဏာဆိုတာ စစ်တပ်အပိုင်_စစ်တပ်က စိတ်ကြည်နေရင် နိုင်ငံရေးသမားကို ပေးအုပ်ချုပ်ထားမယ်_နိုင်ငံရေးသမားဆိုတဲ့ကောင်တွေ သောက်ချိုးမပြေရင်/ငါတို့နဲ့ ငြိရင်/ဘာရယ်မဟုတ် ငါတို့သိမ်းကိုသိမ်းချင်နေလို့ပဲဖြစ်ဖြစ်ဆိုရင် ငါတို့စစ်တပ်က အာဏာပြန်သိမ်းနိုင်တယ် ဆိုတာပဲ။

အခု သိမ်းထားတာလည်း နောင်တချိန် ရွေးကောက်ပွဲပြန်လုပ်ပေးမှာပဲ_အနှေးနဲ့အမြန်ပေါ့။အဲဒီလိုပဲ အာဏာထပ်သိမ်းဖို့ဆိုတာလည်း ရှိလာမှာပဲ_အနှေးနဲ့အမြန်ပေါ့။အခုပဲကြည့်လေ_ကာချုပ်တယောက်သည် တခါတော့ အာဏာရှင်ဖြစ်ဖူးရမည်_ဆိုတာ အစဉ်အလာကြီးလိုလိုဖြစ်နေပြီ။အာဏာသာသိမ်းတတ်တာ မအုပ်ချုပ် မစီမံတတ်တော့ သိမ်းလိုက်တိုင်း နိုင်ငံက မွဲသွားတာပဲရှိတယ်၊ဒုက္ခများလာတာပဲရှိတယ်လေ။

ဒီတော့ ကျွန်တော်တို့ အဖိုးတွေ၊အဖေတွေ ဒီဝေဒနာတွေ ခံစားခဲ့ရတယ်၊အခုကျွန်တော်တို့ ခံစားနေရပြီ၊နောက်ရော…ကျွန်တော်တို့ သားတွေရော၊ကျွန်တော်တို့ မြေးတွေရော…ဆက်ခံစားရဦးမှာလား။ဒီသမိုင်းဆိုးက တပတ်ပြီး တပတ် ပြန်ပြန်လည်နေတာ ဒီတခါတော့ နောက်ဆုံးဖြစ်သင့်ပြီ။

တပ်ထဲက ညီအကိုတွေ၊ဆရာကြီးတွေလည်း အရင်ကတည်းက တပ်မှာနေရတာ မပျော်ကြဘူးမလား။တပ်တွင်းဖိနိုပ်မှုတွေ၊မတရားမှုတွေဆိုတာ အရင်ကတည်းကရှိလာတာပဲလေ။ဦးပိုင်ရှယ်ယာကို ဖိအားပေးထည့်ခိုင်းတာ၊အောင်မြင့်မိုရ်မင်း အသက်အာမခံဆို လစာကဖြတ်သွားတာသာ အကြောင်းမကြားတာ၊ကိုယ်တကယ်သေရင် ကိုယ့်မိသားစုက ဘယ်သူ့သွားမေးရမှန်းမသိ ဘယ်လိုထုတ်ရမှန်းမသိ ဟိုအချက်အလက်မစုံလို့ ဒီအချက်အလက်မစုံလို့နဲ့ မရလိုက်တာ အများကြီးလေ။

တပ်ထဲက အစဉ်အလာလိုဖြစ်နေတဲ့ လာဘ်ပေးလာဘ်ယူကိစ္စ၊ဆရာမွေး တပည့်မွေးကိစ္စ၊ဒီအဂတိလိုက်စားတာတွေ စစ်သားတိုင်းသိပါတယ်။သူများမိုးခါးရေသောက်တာ ကိုယ်လိုက်မသောက်လို့ ချောင်ထိုးခံရတာလည်း ဒုနဲ့ဒေး။

ကိုယ့်အကြောင်း ကိုယ်ပြောပြချင်တယ်၊ကြုံရတာတွေအများကြီးထဲကမှ ခံရခက်တာလေးတခုပေါ့။ကျွန်တော် ဝါဇီက Ink Mixing Sectionမှာ လုပ်လာတာ_ဗိုလ်ချုပ်ပုံ ၁၀၀ဝိ/-တန်နဲ့ ၅၀ဝိ/-တန် projectsတွေတုန်းကလည်း ကျွန်တော်လုပ်ခဲ့တာပဲ။(စကားမစပ် Designဆွဲပြီးသားထဲက သူတို့လိုချင်တဲ့ အရောင်နဲ့အရည်အသွေးကို ကျွန်တော်က ရအောင် လုပ်ပေးရရုံနော်၊

အရောင်တွေက ၁သောင်းတန်တို့ ၊၅ထောင်တန်တို့နဲ့ သွားတူနေတာက ကျွန်တော်နဲ့မဆိုင်😅)။အခု အာဏာသာမသိမ်းရင်လည်း နောက်ထပ် ဗိုလ်ချုပ်ပုံနဲ့ငွေစက္ကူနောက် တမျိုးလောက် ထွက်ပြီးလောက်ပြီ Planတွေရှိပြီးသား။မင်နဲ့ပတ်သတ်ရင် သေချာလုပ်တတ်တာ သိတာဆိုလို့ အရာရှိထဲမှာ ကျွန်တော်တယောက်ပဲရှိတာ။ဒါမယ့် သူတို့ကတော့ ဒါတွေဂရုမစိုက်ပါဘူး၊သူတို့ဂရုစိုက်တာ ငွေပဲလေ။

တနေ့ ဒုစက်ရုံမှူး ဗိုလ်မှူးကြီးဖေသက်ထွန်းရဲ့ကတော် ဒေါ်မီမီစောလွင်က ကျွန်တော့်ဌာနမှူး ဗိုလ်မှူးမျိုးနိုင်ဦးဆီ ဖုန်းဆက်တယ်။သူက ဝါဇီက မူကြိုကျောင်းလေးရဲ့ကျောင်းအုပ်ဆရာမကြီးဆိုတော့ သူ့မူကြိုနံရံလေးတွေ ဆေးသုတ်ချင်လို့တဲ့။အဲဒါနဲ့ ဌာနမှူးက ကျွန်တော့်ခေါ်ပြောရော”လုပ်ပေးလိုက်ပါဦးပေါ့”။အရည်အတွက်က 200kg။သိအောင်ပြောပြရရင် Security Inkဆိုတာ 1kgကို €50ကနေ €70လောက်အထိ တန်တယ်။

ါ ရိုးရိုးအရောင်ပါရုံနဲ့ ဆေးသားခိုင်ရုံနော်။တခြား Security Featuresပါတာတွေဆို ဒီထက်ဈေးကြီးတယ်။ဒါကြောင့် သူတောင်းတဲ့မင်အရောင်နဲ့အရည်အတွက်ကနေ လိုအပ်တဲ့ Base မင်တွေကို ဈေးတွေနဲ့အရည်အတွက်တွေနဲ့ သေချာတွက်ချက်လိုက်တယ်။မြန်မာငွေ(၁၀၈)သိန်းကျော် တန်ဖိုးရှိတယ်။ဒါနဲ့ ကျွန်တော့်ဌာနမှူးကို သတင်းပို့တယ်။”အကိုကြီး ဘာမဟုတ်တဲ့ မူကြိုနံရံသုတ်တာ (၁၀၈)သိန်းကုန်မှာ ကျွန်တော် လက်မခံနိုင်ဘူးလို့။

ဝန်ကြီးဌာနက အဲဒီ့မူကြိုကို ပြင်ဆင်စရိတ်ချပေးထားတာ ဘယ်ရောက်သွားလဲ၊အဲဒီ့ပိုက်ဆံနဲ့ UPG ဝယ်သုတ်လေ”_ပြောတော့၊”မင်းကလည်းကွာ မင်းပိုက်ဆံကုန်တာမှ မဟုတ်တာ”တဲ့_”ဟာ အကိုကြီး နိုင်ငံတော်ပိုက်ဆံက ကျွန်တော်ရော အကိုကြီးရော ပြည်သူတွေရော အားလုံးပိုက်ဆံလေ၊အခွန်ဆောင်ထားရတာတွေလေ”ဆိုတော့_”ဒုစက်ရုံမှူးကို ငါတော့မပြောရဲဘူး မင်းဖာသာပြော”တဲ့။

ဒါနဲ့ ကျွန်တော်ကိုယ်တိုင် ရုံးဖုန်းကနေပြီး ဒုစက်ရုံမှူးကို သတင်းပို့တာပေါ့လေ။ဟိုကလည်း အတင်းအကြပ်တော့ မတောင်းဘူးပေါ့။ဒါပေမယ့် ၁ပတ်ခန့်ကြာသော်….အမိန့်စာကျလာရော၊အခန်းပြောင်းရမယ်တဲ့။ပုံမှန်အားဖြင့် အခန်းပြောင်းရတယ်ဆိုတာ တဌာနလုံး အရာရှိတွေ တခန်းထဲမှာနေနေတာကြာလာလို့ အားလုံးကို ကုလားဖန်ထိုးသလိုပြောင်းရတာ။အခုက ထူးထူးခြားခြား ကျွန်တော်ရယ်၊ကျောင်းဆင်းခါစညီလေးရယ်ကို နေရာချင်းလဲတာ။

အဲဒီ့ကျောင်းဆင်းခါစညီလေးကလည်း ရောက်တာမှ သောကြာနေ့လောက်ရောက်ပြီး အခန်းတခန်းကိုတရက်ပဲ စကိုင်ရသေးတာ၊နောက်နေ့ရုံးဖွင့်ရက် အမိန့်စာကျတော့ အခန်းတခန်းကိုတရက်ကိုင်ပြီး နောက်နေ့ အခန်းchangeလိုက်ရသလိုဖြစ်သွားရော၊သဘာဝမကျတာ ပြောပါတယ်။ဒါပေမယ့် ကိစ္စမရှိဘူးလေ သူတို့လိုချင်တာ ပေးမယ့်သူဖြစ်ဖို့ သူတို့ကိုကြောက်နေတဲ့သူဖြစ်ဖို့ပဲ လိုတာလေ။

ဒီလိုပဲ…တပ်ထဲမှာ ဒီလိုပဲ ရှိတယ်၊ပုံစံမတူချင်တာ မတူမယ်၊ရည်ရွယ်ချက်တွေကတော့အတူတူပဲ၊ကိစ္စအများစုက ပိုက်ဆံကြောင့်ပဲ။ဒါလည်း တပ်ကလူတွေ သိပြီးသားပါ။

နောက်ဆုံးပြောချင်တာက အခုတပ်ထဲမှာ တချို့ကတော့ ငဲ့ကွက်စရာတွေကြောင့် ဆက်နေနေရတာရှိဦးမှာပဲ၊သူတို့ကိုတော့ သေချာစဉ်းစား သေချာဆုံးဖြတ်ဖို့ပြောချင်တယ်။

ဒီဖက်မှာလည်း ကူညီမယ့်သူတွေရှိပါတယ်။အရင်လို လစာနဲ့ရိက္ခာ ရရမယ်လို့ မပြောလိုဘူး။ဒါပေမယ့် သမိုင်းလှမယ်၊စိတ်ချမ်းသာမယ်၊အကုသိုလ်ကင်းလိမ့်မယ်။အဲဒီ့မှာမှ တချို့သော ငါတို့စစ်တပ်လုပ်တာ အမှန်ဆိုပြီးတွေးနေတဲ့သူတွေကို ပြောချင်တယ်။တကယ်က NLDက မဲခိုးခိုး၊မခိုးခိုး စစ်တပ်အလုပ်ကို မဟုတ်တာ။ဒီနိုင်ငံမှာ NLDပါတီအပြင် တခြားနိုင်ငံရေးပါတီတွေ အများကြီး။

တကယ်ပဲ NLD က မဲခိုးပါတယ်ဆို ကျန်တဲ့ပါတီကိုထောက်ခံတဲ့သူတွေ ထွက်ပြီး ဆန္ဒပြလိမ့်မယ်၊တကယ်လို့ NLDကိုထောက်ခံသူကနည်းနေလို့ မဲခိုးခဲ့ရတာဆိုရင် တခြားပါတီကိုထောက်ခံသူကများနေမှာပေါ့။ဒါဆို နိုင်ငံထဲက ပြည်သူတဝက်ကျော်လောက်က NLD အစိုးရကို ဆန္ဒတွေပြ၊ဝန်ထမ်းတွေက CDMတွေလုပ်၊ဒါမျိုးတွေ လုပ်ကြမှာပေါ့။

အခုတော့ ခြံစည်းရိုးက ခြံစည်းရိုးအလုပ် မလုပ်ပဲ အိမ်တိုင်တတ်လုပ်ချင်တော့ အရှက်ပဲရတာလေ။ခြံစည်းရိုးက ခြံစည်းရိုးလိုနေရင် ဂုဏ်ယူစရာကောင်းနေရဲ့နဲ့။ခင်ဗျားတို့ ကျွန်တော်တို့ စစ်သားတွေ စစ်သားအလုပ်ပဲ လုပ်ချင်ကြမှာပါ။ရွာတကာ ရပ်ကွက်တကာလှည့်ပြီး သက်သာထမင်းဟင်းဆိုပြီး ရောင်းနေတာမျိုးတွေကစပြီး အခုအာဏာသိမ်းတာအထိ ဘယ်သူမှ မကြိုက်ဘူး ထင်ပါတယ်။

ဒီတော့ စဉ်းစားပါ။CDMမလုပ်ရင်တောင် ပေးသမျှ အမိန့်တိုင်းကို စက်ရုပ်လို လိုက်လုပ်မနေပါနဲ့။နှလုံးသားနဲ့လည်း ခံစားကြည့်ပါ။ကျင့်ဝတ်(၆၀)မှာပါသလို
“တော်တည့်မှန်ကန်စွာ သစ္စာစောင့်သိရိုသေပါ”။

သုတအောင် . . People’s Soldiers

Be the first to comment on "CDM ဗိုလ်ကြီး သုတအောင် တပ်တွင်းလျှို့ဝှက်ကိစ္စတွေ ဖွင့်ချလိုက်ပြီ"

Leave a comment

Your email address will not be published.


*